ဖြူး မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (၁၁) ကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က တက်ရောက်လာကြသည့် မြစိမ်းရောင်းအသင်းသားများနှင့် ကျေးရွာနေပြည်သူများအား မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခင်ရှည်ကျေးရွာ မြစိမ်းရောင်ကျေးရွာအနေဖြင့် အရင်းအတိုးငွေများကို သတ်မှတ်ရက်အတွင်း ပေးသွင်းနိုင်ခြင်းကြောင့် (၁၀) ကြိမ်မြောက်တိုင်အောင် အောင်မြင်ခဲ့ကြောင်း ရှင်းလင်းပြေကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးကဏ္ဍတွင် အသင်းသား (၇၁) ဦး၊ စိုက်ဧက (၃၃၄) ဧက စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေကျပ် (၃၃၄၀၀၀၀၀) ကျပ်၊ မွေးမြူရေးကဏ္ဍတွင် အသင်းသား (၅၇) ဦး၊ ဝက်ကောင်ရေ (၉၀) ကောင်နှင့် နွားကောင်ရေ (၃၁) ကောင်၊ မွေးမြူနိုင်ရေးအတွက် ချေးငွေကျပ် (၂၂၄၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၅၅၈၀၀၀၀၀) ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)