မကွေး မတ် ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နွေရာသီအားကစားသင်တန်း ဖွင့်လှစ်ရသည့်အတွက် မျိုးဆက်သစ်လူငယ်များ နွေရာသီကျောင်းအားလပ်ရက်များတွင် အားကစားကို လေ့လာလိုက်စားပြီး အားကစားဖြင့် နိုင်ငံတော်ကိုအကျိုးပြုနိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံတော်သောလူငယ်များ ဖြစ်လာစေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကိုလေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း မြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများဖြစ်လာစေရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာ ပါတိုးတက်ဖွံ့ဖြိုးမှုကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး စသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ဘောလုံး/ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့်အားကစားနည်းများ၏ အခြေခံနည်းစနစ် ပိုင်းဆိုင်ရာများကို သင်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် သင်တန်းက ရရှိလာမည့် နည်းစနစ်များကို လေ့ကျင့်ဖို့လိုအပ်ကြောင်း၊ အားကစားနည်းတစ်ခုကို လေ့လာလိုက်စားရာတွင် “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆီသို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း လေ့ကျင့်မှ ကျွမ်းကျင်မှာ ဖြစ်ပြီး ကျွမ်းကျင်မှ မိမိကိုယ်ကိုပြိုင်ပွဲတွင် အောင်မြင်မှုရရှိမည်ဆိုသည့် ယုံကြည်မှုရရှိမှာဖြစ်ပါကြောင်း၊ သင်တန်းက သင်ယူရရှိလာသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းတွင်သင်ကြားခဲ့သော အားကစားနည်းများ ထဲမှ ရိုးရာခြင်းကစားနည်း၊ ဝူရှူးကစားနည်း၊ လက်ဝှေ့ကစားနည်း၊ ကရာတေးကစားနည်းနှင့် Physical Fitness Dance သက်ဆိုင်ရာအားကစားနည်းများအလိုက် သရုပ်ပြသခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများ၊ သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့် အားကစားနည်းများကို (၁.၃.၂၀၂၆) မှ (၂၁.၃.၂၀၂၆) ထိ သင်တန်းနည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)