ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ဘားအံ မတ် ၂၁

“သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၁ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏အနာဂတ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တောသစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းပြီး စနစ်တကျသုံးစွဲရန်နှင့် သစ်တောပြုစုထိန်းသိမ်းရေးအခန်းကဏ္ဍများတွင်လည်း ဒေသခံပြည်သူများက သစ်တောဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကို အတူတကွကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော သစ်တောများနေ့အထိမ်း အမှတ်အခမ်းအနားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ သစ်တောများနှင့်ပတ်သက်၍ အသိပညာပေးပြဘုတ်များ၊ ဆုရစာစီစာကုံးနှင့်ပန်းချီလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ၂၀၂၆ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်း(၇)သင်း အားကစားသမား ၁၂၆  ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်ဘောလုံး အသင်း တစ်သင်းလျှင် ငွေကျပ် (၃၀)သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)