အောင်လံ မတ် ၂၁
မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အချင်း တိုးတက်မြင့်မားလာစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ် ၂၀ ရက်မွန်းလွဲပိုင်းက ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာစွမ်းရည်ကိုမြှင့်တင်ကြရန်နှင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိအသုံးချကာ ဗဟုသုတများ ရှာဖွေဆည်းပူးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာကြီးဦးသန်းထွန်းက သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာများနှင့် သင်ခန်းစာအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းကို စတင်ပို့ချပေးသည်။ အဆိုပါသင်တန်းသို့ အောင်လံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကို မတ် ၂၀ ရက်မှ ၃၁ ရက်ထိ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)