အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော်         မတ်           ၂၁

၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင်နှင့် လူသားများအတွက် မဖြစ်မနေလိုအပ်သည့် သစ်တောများ၏ တန်ဖိုးကိုသိရှိစေရန်၊ သစ်တောများပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သစ်တောများတည်ရှိရှင်သန်နေခြင်းသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှုဖြစ်သည့်အတွက် စနစ်တကျ ပြုစုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သစ်ပင်သစ်တောများကို စိုက်ပျိုးပြုစုခြင်းသာမက သဘာဝသစ်တောသယံဇာတများကိုလည်း ထိန်းသိမ်းကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည်သူများအနေနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှု၊ သစ်တောများ၏ စားရေရိက္ခာဖူလုံစေမှု၊ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုမှု၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးမှုကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် Video Clip အားပြသခဲ့သည်။ ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများက “သစ်တောနှင့်ပတ်ဝန်းကျင်“ သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပိုစတာများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)