ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ထားဝယ်     မတ် ၂၁

၂၀၂၆ ခုနှစ်၊ သစ်တောများနှင့်စီးပွားရေးဟူသည့် ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက  အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ၂၀၁၂ ခုနှစ်က စတင်ပြီးကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တော ထိန်းသိမ်း ခြင်းဆိုင်ရာအသိပညာဗဟုသုတများတိုးပွားစေရန်၊ ကမ္ဘာနှင့်အဝှမ်းအမျိုးအစားစုံလင်သည့် သစ်တောဂေဟစနစ်များ၏ အရေးပါမှုကိုပိုမိုသိရှိနားလည်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး နှစ်စဉ် မတ် (၂၁) ရက်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ သစ်ပင်၊သစ်တောများသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး သစ်တောထွက်ပစ္စည်းအခြေပြုဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါကြောင်း၊  သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွှမ်းမှုတိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း၊ သစ်တောများ သည်စီးပွားရေးဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်တစ်ခုဖြစ်သည့်အတွက် စီးပွားရေးတည်ငြိမ်ပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကိုအနာဂတ်အတွက်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နယ်မြေဒေသအတွင်းသဘာဝသယံဇာတများထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု မျှခြေရရှိရေးဖော် ဆောင်မှုတွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့်သာယာလှပစေရေးတို့အတွက်သစ်ပင်သစ်တောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်များအား ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး တက်ကြွစွာပူးပေါင်းပါဝင်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကိုလည်းကောင်း၊ ခန်းမအတွင်း ခင်းကျင်းပြသထားသည့်ပြခန်းများအား လည်းကောင်း ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)