ကန်ကြီးထောင့် ဇန်နဝါရီ ၁၂
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဒေသအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီး ဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီတွင် မိချောင်းတစ်ရာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာမှ တာဝန်ရှိသူများအတူ ကျေးရွာအတွင်း နေအိမ်များတွင် ပြည်သူများ မီးဖိုမီး၊ လျှပ်စစ်မီးများ သုံးစွဲရာတွင် စနစ်တကျ သုံးစွဲမှု ရှိ/မရှိ၊ မီးဖိုများတွင် သွပ်ပြား၊ သံပြားများ လုံခြုံစွာ ကာရံထားမှုရှိ/မရှိ၊ အိမ်တွင်းလျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များနှင့် မိန်းခုံများ ကောင်းမွန်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး ပြည်သူများအနေဖြင့် မီးဖိုမီး၊ လျှပ်စစ်မီးများကို သုံးစွဲရာတွင် ပေါ့ဆစွာမသုံးစွဲကြရန်၊ ရုတ်တရက် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် မီးသတိပေး ချက်များအား လှည့်လည်နှိုးဆော် အသိပေး ကြေညာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပြီး ကျေးရွာများသို့လည်း တစ်လတစ်ကြိမ်ကွင်းဆင်း၍ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးထံမှ သိရသည်။
နန်းထိုက်(ပြန်/ဆက်)