မုံရွာ မတ် ၂၀
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးသို့ ရွေးကောက်ခံတိုင်းးဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် မင်းကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းက နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ကလေးဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ထောက်ခံသည့်အတွက် နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာသည်။
ထို့နောက် သဘာပတိဦးလှထွန်းက တိုင်းဒေသကြီးလွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ သဘာပတိက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၈၅) ဦးစလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ကလေး မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုကိုကျော် က ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၇) အရ မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့်အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ အရာတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး အရာတော် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သန်းထွန်းက ထောက်ခံသည့်အတွက် ကန့်ဘလူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရသည့် ဦးတင့်လှိုင်မြင့်နှင့် ဦးမျိုးသန့်တို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်ထံ တာဝန်လွှဲအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)