ဟားခါး မတ် ၂၀
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြောက်ခြင်း ပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက်ကြရာ သဘာပတိလောင်းအဖြစ် တင်မြှောက်ရန် အမည်စာရင်းတင်သွင်းသူ နှစ်ဦးရှိသည့်အတွက် လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရာ မဲအများဆုံးရှိသည့် ဟားခါးမြို့နယ်မဲန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဝုန်ဆွန်းထန်ကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။
ထို့နောက် သဘာပတိ ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်လွှတ်တော်၏ ရှေ့မှောက် သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် သဘာပတိက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးရှိသည့်အနက် ကိုယ်စားလှယ်အားလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ မတူပီမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ဦးသန့်စင်ဦးက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ပလက်ဝမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးကောလ်လျန်ထန်းတစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင်ကာကျင်က ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ၊ ပြည်နယ်လွှတ်တော် နည်းဥပဒေ (၁၇) အရ ပလက်ဝမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကောလ်လျန်ထန်းအား ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ ထန်တလန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ကျော်ဌေးက ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ လောင်းအဖြစ် မတူပီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန့်စင်ဦး တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး ပလက်ဝမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကောလ်လျန်ထန်းက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၂၂)အရ ထန်တလန်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသန့်စင်ဦးအား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည့် ဦးကောလ်လျန်ထန်းနှင့် ဦးသန့်စင်ဦတို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ (၂၉) အရ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းကို တာဝန်လွှဲအပ်သည်။
ယင်းနောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် ချင်းပြည်နယ်သမိုင်းကြောင်းတွင် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲများကျင်းပပြီး ပြုပြင် ပြောင်းလဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ တတိယအကြိမ် ပြည်နယ်လွှတ်တော်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု လိုလားတောင့်တသည့် ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများက ၎င်းတို့ ကိုယ်စားလှယ်လုပ်ပိုင်ခွင့်လည်း အပ်ခြင်းခံရသည့်ပုဂ္ဂိုလ်များဖြစ်ကြကြောင်း၊ မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်နှင့်အညီ မိမိတို့၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်ကလည်း အလွန်အရေးကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်းနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့၏ ပြည်သူ ပြည်သားများ၏အကျိုးကို သယ်ပိုးကြစေလိုကြောင်းနှင့် ကျွန်တော့်အနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရားကင်းရှင်းစွာ ဖြင့် ချင်းပြည်နယ်တွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လင်းလာစေရန်နှင့် ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို အသိပေးကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)