ကော့သောင်း မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကုန်တင်သင်္ဘောများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးချစ်မင်းသူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင် မျိုးသက်နှင့် တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက စနစ်တကျ မးငြှိမ်းသတ်ရမည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပြီး ကုန်တင်သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)