ခန္တီးမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ခန္တီး မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုလတ်စိုးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်မိုးက လူကုန်ကူးမှုကြုံတွေ့နေရမှုများနှင့်ပတ်သက်၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ လူကုန်ကူးမှုမခံရအောင် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းအာကာငြိမ်းချမ်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ပြည်သူများ၊ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုလတ်စိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

ကမ်းကီး(ပြန်/ဆက်)