ထားဝယ် မတ် ၂၀
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂၀)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့် လေ့လာသူ (၃)ဦး၊ မီဒီယာ(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။
အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦး ရှိသည့်အနက် (၂၈) ဦး တက်ရောက်ခဲ့သဖြင့် (၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ ထက်ဝက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် စောမာတင်လူသာအား သဘာပတိအဖြစ် တင်မြှောက်ခဲ့ကြပြီး လွှတ်တော်တွင် သဘာပတိက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် သဘာပတိရှေ့မှောက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များက ဦးမြတ်ကို၊ ထားဝယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)အား တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဦးခင်မောင်မြင့်၊ ရေဖြူမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)အား တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အသီးသီးရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ တိုင်းဒေသကြီးလွှတ်တော် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နံနက်(၁၀း၅၅) နာရီအချိန်တွင် ရပ်နားခဲ့ပါကြောင်းနှင့် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို အချိန်မီ ထပ်မံအကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)