ကော့သောင်း မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းကုန်သွယ်ရေးစခန်း၊ တော်ဝင်ဆိပ်ကမ်းတွင် ရန်ကုန်မှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေမှုအခြေအနေအား ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ကြသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းများအား ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းမှ သင်္ဘောဖြင့် ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၆ ခုနှစ် မတ်လ (၂၀) ရက်နေ့ထိ ပြောင်းတင်ပို့မှု မက်ထရစ်တန် ၁၃၉၂၂.၇၈၂ ၊တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃၃၂ သန်းရှိခဲ့ပြီး ယနေ့တွင် ပြောင်းတင်ပို့ ကုန်သင်္ဘော (၃) စီးမှ ပြောင်းမက်ထရစ်တန် ၈၁၁၀.၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၉၄၅ သန်းရှိသဖြင့် စုစုပေါင်း ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု မက်ထရစ်တန် ၂၂၀၃၃.၁၈၂တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၂၇၇ သန်းရှိပြီဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသောပြောင်းများအား ရေလမ်းကြောင်းဖြင့်သယ်ယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် သယ်ယူရလွယ်ကူခြင်း၊ လမ်းခရီးလုံခြုံမှုရှိခြင်း၊ အရေအတွက်များများ သယ်ယူပို့ဆောင်နိုင်ခြင်းကြောင့် လုပ်ငန်းရှင်များ တွက်ချေကိုက်သကဲ့သို့ နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)