မြိတ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် အရာရှိများ ခေါင်းဆောင်မှုနှင့် မီးသတ်လုပ်ငန်းစဉ်များ ကျွမ်းကျင်အောင်မြင်စွာ ဆောင်ရွက်တတ်စေရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အကြိုအခြေခံ မီးသတ်ပညာသင်တန်း (အရာရှိ) (၁/၂၀၂၆)ကို မတ်(၂၀)ရက် နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။
သင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ အရာရှိများအနေဖြင့် မီးသတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများကို သိရှိပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ကျင့်ဝတ်စည်းကမ်းများ သိရှိပြီး မိမိတပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုရာတွင် ခေါင်းဆောင်မှုအခြေခံမူများနှင့်အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် မီးသတ်ပညာရပ်များ၊ မီးလောင်မှုများတွင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ တပ်ဖွဲ့ဝင်များ ဆောင်ရန်ရှောင်ရန်နှင့်အဆိုအမိန့်များ၊ မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ ကျင့်ဝတ်စည်းကမ်းများ၊ အခြေခံလက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)