(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ မတ် ၁၉

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ် ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၁ ဒဿမ ၈၅၄ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေစင်မင်းကုမ္ပဏီနှင့် တော်ဝင်ဖားစည်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သော အကျယ် ၁၂ ပေ၊ အရှည် ၇ ဖာလုံ၊ ထု ၆ လက်မရှိ ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်နှင့် Pipe Culvert (၄)စင်းတို့ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး  ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကော့ကူးကျေးရွာ အဝင်လမ်းကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)