လွိုင်ကော်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးပြပွဲများ ခင်းကျင်းပြသ

လွိုင်ကော် မတ် ၂၀

လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

အဆိုပါပြပွဲတွင် သုတ/ရသစာအုပ်များအပြင် တိုင်းရင်းသားစာပေများ၊ ကလေးစာပေများဖြင့် ပညာရပ်စုံလင်စွာ ခင်းကျင်းပြသထားပြီး နံရံကပ်စာစောင်ပြပွဲ၌ စာဖတ်ခြင်းနှင့် ပတ်သက်သည့် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ၊ ဓါတ်ပုံပြပွဲတွင် မြန်မာပြည်တစ်ဝှမ်းထင်ရှားကျော်ကြားသည့် အထင်ကရပုံများ၊ တိုင်းရင်းသားရိုးရာပွဲတော်ပုံများ၊ အလှရှုခင်းပုံများဖြင့် ဝေဝေဆာဆာခင်းကျင်းပြသခဲ့ရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များ၊ လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုသည်။

ဆက်လက်၍ ကလေးစာဖတ်ခန်းအတွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျွမ်းကျင် (၃) (ပြ) (ရုပ်သံ) ဒေါ်ရှင်းမြတ်မြတ်ငြိမ်းက အခြေခံပညာမူလတန်းအရွယ် ကလေးငယ် (၃၀) ဦးအား မှတ်သားဖွယ်ရာ ပုံပြင်ပြောပြခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)