ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ဘားအံ မတ် ၂၀

ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုသည် ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ် (၃) ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ရွေးချယ်ခံတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအားတွေ့ဆုံပွဲ ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ပြောကြားရာ မတ်လ(၂၀)ရက်နေ့တွင် တတိယအကြိမ် ပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပပြီး  ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ရွေးချယ်ခံ တိုင်းရင်းသားကိုယ်စားလှယ်မှ ဗမာ၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး (၃) ဦးအား တာဝန်ပေးခန့်အပ်သွားမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဦးစီးဌာနလုပ်ငန်းတာဝန်များကို စနစ်တကျ ထမ်းဆောင်စေလိုကြောင်း ညွှန်ကြားမှုလမ်းညွှန်ချက်များအား ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ဆောင်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အဆိုပါဝန်ကြီးဌာနရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ တစ်ချင်းမိတ်ဆက်ပြီး ရွေးချယ်ခံ ဗမာ၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားကိုယ်စာလှယ် (၃)ဦးက ဝန်ထမ်းများအား တရင်းတနှီး တွေ့ဆုံမိတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ရွေးချယ်ခံတိုင်ရင်းသားကိုယ်စားလှယ်(၃)ဦးအား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ နည်းဥပဒေ စာအုပ်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ ဆက်)