ထားဝယ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစီမံကိန်းနှင့် စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ် (Build Own and Operate – BOO) လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် ပြုလုပ်မည့် ကုမ္ပဏီပိုင် ဥယျာဉ်ခြံမြေပေါ်တွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် Southern Green Power Co.,Ltd တို့နှင့် နှစ်(၂၀) BOO စာချုပ်ချုပ်ဆိုနိုင်ရေးပြုလုပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ အဓိကအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ကျေးရွာ/ရပ်ကွက်များအားလုံး လျှပ်စစ်မီးရရှိရေးအတွက် လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအနေဖြင့် ၅၆ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရရှိပြီးဖြစ်ပြီး အိမ်ထောင်စုအနေဖြင့် ၇၀ ရာခိုင်နှုန်း မီးလင်းမှုရရှိခဲ့ကြောင်း၊ အချို့နေရာများတွင် ဒီဇယ်ဖြင့် အသုံးပြုပြီး မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ရသောကြောင့် ယူနစ်ဈေးနှုန်းအနေဖြင့် အနည်းငယ်မြှင့်တက်ခဲ့ပြီး ယူနစ်ဈေးနှုန်းလျော့ကျနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော့သောင်းတွင် ဆိုလာနည်းပညာဖြင့် (၁၀) မဂ္ဂါဝပ် ဆောင်ရွက်ပေးခဲ့သောကြောင့် ယူနစ်ဈေးနှုန်း လျော့ကျခဲ့ကြောင်း၊ ယခုအခါတွင် ဒီဇယ်ဈေးနှုန်းမြင့်တက်နေသော်လည်း ဆိုလာဖြင့် ခင်းကျင်းဆောင်ရွက်ထားသောကြောင့် ယူနစ်ဈေးနှုန်းထိန်းနိုင်ကြောင်း၊ အလားတူပင် မြိတ်မြို့နယ်တွင်လည်း ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် ရရှိလာပါက အတိုင်းအတာတစ်ခုအထိ ယူနစ်ဈေးနှုန်း လျော့ချနိုင်ကြောင်း၊ နေ့ဘက်တွင် အလုပ်လုပ်သော စက်ရုံ၊ အလုပ်ရုံများ မီးပေးလိုက်ပါက MSME ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း ဆိုလာခင်းကျင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းမြို့နယ်တွင် ဆိုလာခင်းကျင်းထားမှုနှင့် ပတ်သက်ပြီး နေ့ဘက်တွင်မီးသုံးစွဲမှု များပြားပါက ယခုထက်ပို၍ယူနစ်ဈေးနှုန်းလျော့ကျနိုင် ကြောင်း၊ တိုင်းဒေသကြီးအတွင်းယူနစ်ဈေးနှုန်းလျော့ကျနိုင်ရေး အတွက်ကို ဝိုင်းဝန်းပြီးကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် Solar နည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစီမံကိန်းနှင့် စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ် (Build Own and Operate – BOO) လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)