ပေါက်ခေါင်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးပထမပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး ပါဠိပထမပြန်စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဖွဲ့စည်းခြင်း၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မေးခွန်းထုတ်ယူခြင်း၊ အဖြေလွှာအပ်နှံခြင်း၊ အဖြေလွှာပို့ဆောင်ရေး အစီအစဉ်ရေးဆွဲခြင်း၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းတာဝန်ပေးအပ်ခြင်း၊ စာမေးပွဲလုံခြုံရေးအစီအစဉ်ရေးဆွဲခြင်း ကိစ္စရပ်များအား တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ပါဠိပထမပြန်စာမေးပွဲကို မေလ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ပညာဇောတာရုံစာသင်တိုက်ကြီးအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အစည်းအဝေးဒုတိယပိုင်းအနေဖြင့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်မည်ဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆပ်ကော်မတီအလိုက်ဆောင်ရွက်သွားကြရန်၊ ရေရရှိရေးဆောင်ရွက်ရန်၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း (၁) ရက်နေ့တွင် ပရိတ်တရားနာယူရန် ဆွေးနွေးပြောကြားခဲ့ကြပြီး ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ အသီးသီးဖွဲ့စည်းပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)