သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

သာယာဝတီ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေတိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိအောင်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက ငလျင်ဘေးအကြောင်း သိကောင်းစရာအကြောင်း အသိပညပေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြစေခြင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာဖတ်ခြင်းအကျိုးသိမှတ်စရာအဆိုအမိန့်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)