ပန်းတောင်းမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်

ပန်းတောင်း မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်က ကျောင်းသား/သူ၊ လူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းကြောင့် ရရှိလာမည့် ဆင်ခြင်တုံတရားနှင့် ဗဟုသုတများအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။

​ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ခေါင်းစဉ်များအလိုက် စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ယင်းနောက် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ခက်ခက်ဦးက ဗဟုတသုတရဖွယ်ကဗျာများ၊ ကာတွန်များ၊ ပုံပြင်များကို ပြောကြားခဲ့ပြီး ကျောင်သား/ကျောင်းသူများက စိတ်ဝင်တစားနားထောင်မှတ်သားခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)