ပွင့်ဖြူ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၆ ဒသမ ၃၁ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ ၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါစိုက်ပျိုးထားသော မတ်ပဲစိုက်ခင်းများကို ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ မတ်ပဲ ၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီမတ်ပဲစိုက်ခင်းတွေကို ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခဲ့ရာ လက်ရှိမှာ ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ မတ်ပဲ စိုက်ပျိုးမှုနဲ့ပတ်သက်ပြီး တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးကြဖို့ ၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးကြဖို့၊ မြေဩဇာတွေကိုလဲ စနစ်တကျသုံးစွဲကြဖို့ အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သီးနှံရိတ်သိမ်းချိန်မှာလဲ အထွက်နှုန်းများလျော့နည်းမှုမဖြစ်အောင်၊ လေလွင့်ဆုံးရှုံးမှုတွေမဖြစ်အောင် အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးတောင်သူများကို သီးနှံအထွက်နှုန်းများ တိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး ၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီသီးနှံရိတ်သိမ်း နည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ်ပဲကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် မတ်ပဲကို ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)