မင်းဘူး မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် CPU အဖွဲ့မှ ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များ ဖြစ်ကြသော ခရိုင်ဥပဒေအရာရှိ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ခရိုင်စာရင်းစစ် အရာရှိတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စတင်အာဏာတည်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးနှင့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာသဖြင့် အဂတိမှုမြောက်သည့်အချက်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)