နတ်မောက် မတ် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကာယ၊ ဗလ၊ ဥာဏ၊ စာရိတ္တနှင့် မိတ္တဟူသော ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်နှင့်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေားနှင့် လူမှုကွန်ရက်ကို အကျိုးရှိစွာအသုံးပြုနည်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲတွင် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့အပြင် မြို့နယ်စာကြည့်တိုက်ရှိ ရုံးဝန်ထမ်းများက စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ကျောင်းသား/သူများနှင့်အတူ တက်ကြွစွာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း