ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ရွှေဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ကျွန်းလှ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ရွှေဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ်နွေရာသီမှာ  ချောင်းရေတင်စနစ်နဲ့ လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ် ရွှေဖရုံ ကျင်း ၄၀ ကျော် စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးရာမှာ ဦးစွာ ကျင်းတူး သဘာဝမြေဆွေးထည့် ရေလောင်းပြီး တစ်ကျင်းကို မျိုးစေ့နှစ်စေ့ စိုက်ပျိုးပါတယ်။ စိုက်ပျိုးပြီး သုံးရက်ခန့်မှာ အပင်ပေါက်ကာ တစ်လခွဲခန့်ကြာ အသီးများဆွတ်ခူးရောင်းချရပါတယ်။ အခုအခါ ရွှေဖရုံသီး တစ်ပိဿာငွေကျပ် ၂၀၀၀ ဈေးရောင်းရပါတယ်။ ရွှေဖရုံစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး မိသားစုအတွက် နေ့စဉ်ပုံမှန်ဝင်ငွေရှိတဲ့အတွက် လာမယ့်မိုးရာမှာ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်ထားပါတယ်” ဟု ရှမ်းစုကျေးရွာ ရွှေဖရုံစိုက်ပျိုးသူ ဦးသက်ဇော်က ပြောသည်။

အဆိုပါရွှေဖရုံသီးများကို မြို့ပေါ်ပြန်လည်ရောင်းချသည့် ဈေးသည်များ၊ ဒေသခံပြည်သူများနှင့် နီးစပ်ရာမြို့များသို့ ရောင်းချကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ