တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး မတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့သည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ တက်ရောက်လာကြသည့် သားငယ်သမီးငယ်များက မိမိတို့ဖတ်ရှုလေ့လာထားသည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားလပ်သည့်အချိန်များတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)