ပခုက္ကူ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်နေပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက ငလျင်ဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့လဲ့ဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်းပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ပခုက္ကူမြို့၊ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များရှိ ပြည်သူများထံ အသိပညာပေးနှိုးဆော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)