အောင်လံမြို့နယ်၌ နွေစပါး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပညာပေးစံပြကွက် ဆောင်ရွက်

အောင်လံ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစပါးထုတ်လုပ်မှုမြင့်မားစေရန်နှင့် တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန် ရည်ရွယ်၍ နွေစပါးလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုသရုပ်ပြပညာပေးစံပြကွက်ကို ယနေ့နံနက်ပိုင်းက သံရွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပညာပေးစံပြကွက်ကို အောင်လံမြို့နယ်၊ သံရွာကျေးရွာရှိ ကွင်းအမှတ်(၇၆ခ)၊ ဦးပိုင်အမှတ် (၇၈) ရှိတောင်သူ ဦးဝင်းမောင်ကြီးအပါအဝင် တောင်သူ (၅) ဦး၏ စိုက်ဧက (၆ ဒသမ ဝဝ) ဧကပေါ်တွင် ဆောင်ရွက်ခြင်းဖြစ်သည်။ စိုက်ပျိုးရာတွင် “အောင်နိုင်တိုး” စပါးမျိုးကို လက်ဆွဲကောက်စိုက်စက်စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပြသခဲ့သည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ဆွဲကောက်စိုက်စက်အသုံးပြုခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားနိုင်ခြင်း၊ စိုက်ကြိမ်စိုက်နှုန်းမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို တောင်သူများအား လက်တွေ့ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)