ကျွန်းစုမြို့နယ်ရှိ ကျေးရွာချင်းဆက်တံတား ဆောင်ရွက်ပြီးစီး

ကျွန်းစု မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပ‌ထော်-ပထက်ကျေးရွာချင်းဆက်တံတားတည်ဆောက်ပြီးစီးမှုနှင့် ပထော်ကျေးရွာ မြေသားလမ်းအား ကွန်ကရစ်လမ်း ဆောင်ရွက်‌ပေးနိုင်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီးညွှန်ကြား‌ရေးမှူး (မြို့ပြ) နှင့် တာဝန်ရှိသူများ မတ်လ (၁၇) ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များသည် ကျေးရွာဓမ္မာရုံတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် အင်ဂျင်နီယာချုပ်က ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ရပ်မိရပ်ဖများ ကျေးရွာပတ်လမ်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး တင်ပြခဲ့ကြရာ အင်ဂျင်နီယာချုပ်၊ တာဝန်ရှိသူများသည် အဆိုပါလမ်းအား သွားရောက်ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများအား တင်ပြ၍ ကျေးလက်နေပြည်သူများအတွက် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူများ အဆင်ပြေစွာသွာလာနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် ပထော်-ပထက်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ (၁၂'x၁၅') ကျောက်ကြီးစီသံကူ ကွန်ကရစ်တံတားနှင့် တံတားချဉ်းကပ်လမ်း ပေ (၁၂၀) အား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ (၅၃) သန်းဖြင့် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး တံတားရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြား ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)