မြိတ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၈) ရက် နံနက် (၁ဝ) နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီး ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပေးကြရန်နှင့် ကော်မတီအလိုက် တာဝန်ပေးထားသည့်အပေါ်တွင် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများမှ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၃) ခုကို ဖွဲ့စည်းခဲ့ပြီး သင်္ကြန်ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ၁၃၈၇ ခုနှစ် မြိတ်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ပြီး ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)