နတ်မောက် မတ် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ဥပဒေရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ဒေသခံပြည်သူများအနေဖြင့် နေ့စဥ်လူမှုဘဝတွင် ဥပဒေနှင့်ကင်းကွာ၍မရကြောင်း၊ အခြေခံဥပဒေများကို သိရှိခြင်းဖြင့်မလိုလားအပ်သော နစ်နာမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ (၂၀၁၆)ခုနှစ်က ချမှတ်လိုက်သည့် ကလေးသူငယ်ဥပဒေအကြောင်းအရာများနှင့် အီလက်ရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေများ စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဥပဒေရေးရာအသိပညာပေးသင်တန်းသို့ ကျောင်းသား/သူလေးများက တက်ရောက်ခဲ့ပြီး သိရှိလိုသည့် အကြောင်းအရာများကိုလည်း အပြန်အလှန်မေးမြန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း