ပခုက္ကူ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားကာ “လူငယ်နှင့် ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စာရေးစာသင်းမှ အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “သမီးပူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ချောင်းဆုံမျိုးချစ်က “ပန်းနီနီပေးနဲ့ကွယ်ပန်ချင်ပါဘူး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အောင်ဝင်း(မျိုးချစ်သူ-ရေစကြို)က “ပြည်သူ့ဘဝနှင့်နိုင်ငံတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ စာအုပ်များလှူဒါန်းပေးခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက်လာကြသော သင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ ပိုစတာများအား လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယ်ခွေ