ပဲခူး မတ် ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့သော ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် Bow ကလစ်သင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ယခုဖွင့်လှစ်ပေးခဲ့တဲ့ သင်တန်း(၄)ခုသည် တိုင်းရင်းသားလူငယ်တွေရဲ့ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူငယ်တွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အထောက်အကူပြုမယ်လို့ ယုံကြည်ပါကြောင်း၊ ဒါကြောင့် တိုင်းရင်းသားစာပေဘာသာသင် ဆရာ/ဆရာမများအနေနဲ့ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်စကားအတိုင်း ကွန်ပျူတာ နည်းပညာများကိုအသုံးချပြီး နိုင်ငံတော်ကို အကျိုးပြုတဲ့ ဆရာ/ဆရာမများဖြစ်လာအောင် ကြိုးစားကြပါ၊ တိုင်းရင်းသား လူငယ်မောင်မယ်များအနေနဲ့လည်း အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်နှင့် BOW ကလစ်သင်တန်းများက သင်ကြားပေးလိုက်သော နည်းပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြမယ်လို့ ယုံကြည်ပါကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သယံဇာရေးရာဝန်ကြီး ဦးတင်သိန်းက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ကွန်ပျူတာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားလည်းကောင်း၊ ဥပဒေချုပ် ဦးခင်မောင်တင့်က အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်နှင့် BOW ကလစ်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဥပဒေချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက အခြေခံစက်ချုပ်၊ အလှခြင်းရက်နှင့် BOW ကလစ် သင်တန်းသားများ၏ ကိုယ်တိုင်ပြုလုပ်ထားသော အင်္ကျီ၊ ခြင်း၊ ကလစ်အနုပညာ လက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီးတိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ကွန်ပျူတာအခြေခံသင်တန်းကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ မတ်လ(၁၈)ရက် နေ့အထိလည်းကောင်း၊ အခြေခံစက်ချုပ်သင်တန်းကို ဇန်နဝါရီလ(၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိလည်းကောင်း၊ အလှခြင်းရက်နှင့် Bow ကလစ်ပြုလုပ်နည်းသင်တန်းတို့ကို မတ်လ(၉)ရက်နေ့မှ (၁၆)ရက်နေ့အထိလည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်း တိုင်းရင်းသား သင်တန်းသား၊ သင်တန်းသူ(၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)