ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပေါက်ခေါင်း မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အားကစားခန့်မ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာအုပ်စာပေသည် လူမှုပတ်ဝန်းကျင်တွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်းအပြင် ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြော၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာ​ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတရရှိစေမည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)