တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော် အကြိုမိတ်ဆက်

ဘားအံ မတ် ၁၇

 တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားကို မတ် ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးလုပ်ငန်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လွှတ်တော်အတွင်းမှဥပဒေပြုခြင်း၊ ထိန်းညှိခြင်းနှင့်ကိုယ်စားပြုခြင်းလုပ်ငန်းများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၃ ခုနှစ် ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်အထောက်အကူပြုစေရန် သက်ဆိုင်ရာဌာနအကြီးအမှူးများက မိတ်ဆက်ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြစေလိုကာ ပြည်သူများယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ်ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကမိတ်ဆက်ကြပြီး ပြည်နယ်လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံးနှင့်ပတ်သက်သည်များကိုလည်းကောင်း၊ ကရင်ပြည်နယ်တရားလွှတ်တော်ရုံးက ပြည်နယ်တရားလွှတ်တော်ဆိုင်ရာဗဟုသုတများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးက ဥပဒေပိုင်းဆိုင်ရာဗဟုသုတများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

အဆိုပါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းကို မတ် ၁၇ ရက်မှ ၁၈ ရက်ထိ (၂)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏အခန်းကဏ္ဍများ၊ စာရင်းစစ်ဆိုင်ရာဗဟုသုတများ၊ ဒေသန္တရစီမံကိန်းဥပဒေရေးဆွဲရေးဆိုင်ရာဗဟုသုတများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်၊လုပ်ပိုင်ခွင့်၊ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ ရပိုင်ခွင့်နှင့်အခွင့်အရေးများ၊ ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပြည်နယ်လွှတ်တော်သို့ အဆို/မေးခွန်း၊ဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်းသည့်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)