ဘားအံ မတ် ၁၇
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်သော ခရားအတွင်း-ခရားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၇ ရက် နံနက် ၇ နာရီခွဲက ကျင်းပသည်။
အဆိုပါလမ်းသည် ကျေးရွာ(၃)ရွာကို အကျိုးပြုစေမည်ဖြစ်ပြီး ကျားကလေး-ဇာသပြင်လမ်းနှင့် ချိတ်ဆက်ထားခြင်းကြောင့် ဘားအံ၊မော်လမြိုင်၊မြဝတီမြို့များသို့ အချိ်န်တိုအတွင်းလွယ်ကူချောမွေ့လျင်မြန်စွာသွားလာနိုင်ကာ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် ၅၃၁ ဒသမ ၈၀၀ သန်းဖြင့် အကျယ်(၁၄)ပေရှိ ကွန် ကရစ်လမ်း ၆ ဒဿမ ၂၂ ဖာလုံဆောင်ရွက်ပြီးစီးဖွင့်လှစ်ခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော မွန် ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ကျေးလက်လမ်း၊တံတားများကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်၊ မြို့ပြအချိုးညီ စွာဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာမှမြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်းတိုးတက်ပြောင်းလဲလာမည်ဖြစ်ကာ ကျေးလက်နေပြည်သူများ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများ ပြည့်စုံကောင်းမွန်၍ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့်ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များလည်း အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက် ၍ အားပေးစကားပြောကြားကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)