မုံရွာ မတ် ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သော ဂေဟစနစ်ရရှိဖို့ သန့်ရှင်းသောလေထု၊ ရေထု၊ မြေထုဖြစ်စေဖို့၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲဖို့၊ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ကျန်းမာဘေးကင်းအသက်ရှည်စေဖို့ အတွက်ရည်ရွယ်ကျင်းပပြုလုပ်သော “မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ဟောပြောပွဲတွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးစိုးလွင်မောင်က အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် စပ်လျဥ်းပြီး တက်ရောက်လာသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်တဲ့လက်တွေ့သရုပ်ပြမှုကို တက်ရောက်လာကြသူ ကျောင်းသားကျောင်းသူများက လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)