ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ဟမ်ဘာဂါ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ထားဝယ် မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်ကိုယ်တိုင်ပြုလုပ်၍ လုပ်ကိုင်စားသောက်ခြင်းဖြင့် အကုန်အကျသက်သာစေရန်ရည်ရွယ်၍ ဟမ်ဘာဂါပြုလုပ်နည်းသင်တန်းကို ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။

သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ဒုတိယနည်းပြဒေါ်ချိုမာသက်က ဟမ်ဘာဂါတွင် အဓိကအရေးကြီးမှာအသားဖြစ်ကြောင်း၊ ဟမ်ဘာဂါကို ဆိုင်ကရောင်းချသည့်အရသာအတိုင်း အရသာရှိအောင် အိမ်တွင် အလွယ်တကူလုပ်ကိုင်စားသောက်၍ ရကြောင်းပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့သင်တန်းများဖွင့်လှစ်ခြင်းဖြင့်၊ မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေနိုင်ကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်​စေ၊ အ​သေးစားကုန်ထုတ်လုပ်ငန်းများမှတစ်ဆင့် လုပ်ငန်းရှင်တစ်ဦး ဖြစ်လာနိုင်ကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယနည်းပြဒေါ်ချိုမာသက်က  ဟမ်ဘာဂါပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းသင်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)