မကွေး မတ် ၁၇
၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် ဆားရွှေကင်းဝန်ထမ်းအိမ်ရာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ ဆားရွှေကင်းရက်ကွက်ရှိ အဆိုပါအိမ်ရာဝင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၈)ခန်းတွဲ၊ (၅) ထပ်အပ်နှင်းပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် အများပြည်သူတို့ နေထိုင်မှုအဆင့်အတန်းမြင့်မားတိုးတက်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာနှင့် အများပြည်သူတို့အတွက် တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့်အရောင်းအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်ဆက်လုပ်ငန်းအဖြစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မကွေးမြို့ ဆားရွှေကင်းရပ်ကွက် ကမ်းနားလမ်း၌ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၈) ခန်းတွဲ (၅)ထပ်၊ အဆောက်အဦ(၁)လုံး၊ အခန်း ပေါင်း(၄၀)ခန်းအားတည်ဆောက်ပေးနိုင်ခဲ့ပြီးနေထိုင်ရေးအခက် အခဲရှိသောဝန်ထမ်းများအား စိစစ်ရွေးချယ် နေရာချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆောက်အဦကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင်လုပ်ငန်း(၄၀%)၏ငွေကျပ်သန်း(၈၈၃.၅၀)ဖြင့်လည်းကောင်း၊၂၀၂၅ - ၂၀၂၆ ဘဏ္ဍာ နှစ်တွင်လုပ်ငန်း(၆၀%)၏ ငွေကျပ်သန်း(၁,၃၄၁.၃၆)ဖြင့် လည်းကောင်း၊ စုစုပေါင်းငွေကျပ် (၂,၂၂၄.၈၆) သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တည်ဆောက်ပြီးသော အိမ်ရာများ ရေရှည်တည်တံ့ခိုင်မြဲ စေရန် နေထိုင်သူ နိုင်ငံ့ဝန်ထမ်းများမှလည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း မြေနေရာများ ရှာဖွေဖော်ထုတ်ကာ နေထိုင်ရေးအခက်အခဲရှိသော နိုင်ငံ့ဝန်ထမ်းများသာမက ပြည်သူများအတွက်ပါ ထည့်သွင်းစဉ်းစားပြီး သင့်တော်ကောင်းမွန်သော အိမ်ရာများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းပြော ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ထမ်းအိမ်ရာကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက အမှာစကားပြောကြားကာ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးက (၈)ခန်း တွဲ(၅)ထပ်ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အိမ်ရာတည်ဆောက်ခဲ့သော ကုမ္မဏီမန်နေဂျင်းဒါရိုက်တာမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူးထံ အဆောက်အဦပြီးစီးကြောင်း မှတ်တမ်းစာအုပ်အားလွှဲပြောင်းပေးအပ်ပြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးက အိပ်ခန်းနေထိုင်ခွင့်ရရှိသူများကိုယ်စား အိမ်ငှားတစ်ဦးထံ အိမ်ခန်းသော့ ပေးအပ် ကာ၊ အိမ်ခန်းနေထိုင်ခွင့်ရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်အိမ်ရာအတွင်းရှိ ဝန်ထမ်းများနေထိုင်ရန်ပြင်ဆင်ထားရှိသည့် အခန်းဖွဲ့စည်းပုံများ၊ ရေ၊ မီး နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယခုဖွင့်လှစ်လိုက်သည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာသည် (၈)ခန်းတွဲ (၅)ထပ်၊ အခန်းအရေအတွက် (၄၀)ခန်း ပါဝင်ပြီး၊ ဝန်ထမ်းများအေးချမ်းစွာနေထိုင်နိုင်ရန်အတွက် လုံခြုံရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်ကိုပါ စနစ်တကျထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)