မြဝတီ မတ် ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ရွှေမြင်းဝန်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်သည့် ဘုရားဖူးလာပြည်သူများ၊ ရဟန်းရှင်သံဃာတော်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ဗုဒ္ဓကလျာဏယုဝအသင်းမှ ဦးဆောင်၍ အလှူရှင်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသည့် အဆင့်မြင့်သန့်စင်ခန်း (ကုဋီ) တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ရေစက်ချတရားတော်နာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၀၀)နာရီ၌ အဆိုပါ စေတီတော်မြတ်ကြီးအတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်မြသုခ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာနန္ဒထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဦးစိန်သောင်းနှင့် အလှူရှင်ဒါယကာ/ဒါယိကာမများက လှူဖွယ်ဝတ္တုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြကာ အဆင့်မြင့်သန့်စင်ခန်း(ကုဋီ)တည်ဆောက်ရာ၌ မတည်အလှူရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခတပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)