ပွင့်ဖြူ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လိမ္မာယဉ်ကျေးပြီးဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင်ကောင်းမွန်ရေးလိုက်နာရမည့်ကျင့်ဝတ်တာဝန်များ၊ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်စေရန် မိဘ/ဆရာများ၏ ဆိုဆုံးမမှုကို လိုက်နာ၍ ဘက်စုံထူးချွန်ထက်မြက်သောသူများဖြစ်အောင် ဆောင်ရွက်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာအသိပညာဗဟုသုတသိကောင်းစရာများပါဝင်သော နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)