တနင်္သာရီ မတ် ၁၇
တနင်္သာရီမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦပိုင်ဖြိုးဦးက (CEIR) စနစ် အသုံးပြုခြင်းအားဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန် စံညွှန်းနှင့်ကိုက်ညီစစ်မှန်ပြီး နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင် ဖုန်းများကို ပြည်တွင်းတွင်စိတ်ချယုံကြည်စွာအသုံးပြုနိုင်ရန် တင်သွင်းသူများအနေဖြင့် ကျသင့်အခွန်ကောက်များကို Online စနစ်အသုံးပြု၍ အလွယ်တကူ ပေးဆောင်တင်သွင်းနိုင်ခြင်း၊ အခွန်တိမ်းရှောင်မှုနှင့် တရားမဝင်တင်သွင်းခြင်းမှ တားဆီးကာကွယ်နိုင်ခြင်း၊ အများပြည်သူများမှ မိုဘိုင်းလက်ကိုင်ဖုန်းအတုများ ဝယ်ယူမိခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ နိုင်ငံတော်သို့ ဝင်ပေါက်အသီးသီးမှ တင်သွင်းလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI နံပါတ်များကို စိစစ်ပြီး မှန်ကန်မှ အသုံးပြုခွင့်ပေးသည့်အတွက် လက်ကိုင်ဖုန်းဈေးကွက်များ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှု မြှင့်တင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်းများနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအား (CEIR) အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီ(ပြန်/ဆက်)