ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

လွိုင်ကော်    မတ်   ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်စာမေးပွဲများကို ယနေ့စတင်ကျင်းပရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်တက္ကသိုလ်တို့၌ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီး စာစစ်ဌာနအတွင်း ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာ စွာဖြင့် စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အခက်အခဲမရှိဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ လွိုင်ကော်တက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု၊ ဆရာဆရာမများ စာမေးပွဲခန်းစောင့်ကြပ်နေမှုနှင့် စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၄၆၆) ဦးရှိပြီး စာမေးပွဲများကို မတ် ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ လွိုင်ကော်တက္ကသိုလ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၁၂၄) ဦးရှိပြီး စာမေးပွဲများကို မတ် ၂၄  ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နေ့လယ်က ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများကို လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများက မိမိတို့ကဏ္ဍအလိုက်သာမက အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကို အထူးအလေးထားဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမပျက်စေဘဲ ပြည်သူများပါဝင်သည့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဖြစ်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး  ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို အသီးသီးတင်ပြခဲ့သည်။  ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်ဆင့်တင်ပြ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)