ရွှေတောင် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာအားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားရာ ယမန်နေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များချီးမြှင့်၍ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အားကစားနည်းများအလိုက် သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)