ရွှေတောင်မြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ရွှေတောင် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက တပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြာင်းအရာများ၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်၍ ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်များ၊ ရွှေသွေး၊ တေဇ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များဖြင့်စာအုပ်ပြပွဲဆောင်ရွက်ပြီး တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)