ဖျာပုံ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ရမည့် ဆည်မြောင်းလုပ်ငန်းများနှင့် ပုံမှန်ဆောင်ရွက်ရသည့်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေးနှင့် အချိန်မီပြီးစီးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကြည်ဆွေနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သန်းဦး တို့သည် ဇန်နဝါရီ(၉)ရက်မှ (၁၁)ရက်နေ့အထိ ဖျာပုံခရိုင်အတွင်းရှိ ဆည်မြောင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးရာ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ် ဦးစီးအရာရှိများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်း ဆွေးတင်ပြကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူး ဦးကြည်ဆွေက " ဆည်မြောင်းလုပ်ငန်းသည် ဒေသနေပြည်သူများ၏ အကျိုးစီးပွား အတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရန်အတွက် ဒေသခံများပါဝင်သော ကော်မတီများကိုလည်း တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အလိုက် လုပ်ငန်းဆိုင်ရာ အချက်အလက်၊ ဆောင်ရွက်မည့် ဒီဇိုင်းပုံစံနှင့် အသုံးပြုမည့် ရန်ပုံငွေပမာဏကိုပါ ဖော်ပြပေးထားပါကြောင်း၊ ၎င်းအပြင် ဆောင်ရွက်မည့် တင်ဒါအောင်သည့် ကုမ္ပဏီ၊ ဌာနအဖွဲ့အစည်းများကိုပါ ဖော်ပြပေးထားပါကြောင်း၊ ဒေသအတွက် အမှန်တကယ် အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည့်အတွက် အားလုံးညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း" စသည်ဖြင့် ပြောကြားသည်။
ထိုနောက် ဖျာပုံမြို့နယ်တွင် ဘိုးဘကုန်းရေငန်တားတာ တည်ဆောက်ခြင်း၊ ကျောင်းကုန်းရေငန်တားတာမြှင့်ခြင်းနှင့် မြို့ကုန်းကျွန်းပတ်တာ တာမိုင်(၀/၀ မှ ၃/၄ အထိနှင့် တာမိုင် ၁၂/၇ မှ ၁၄/၀ အထိအတွင်း) တာမြှင့်ခြင်းအပါအဝင်လုပ်ငန်း(၂၄)ခု၊ ဒေးဒရဲမြို့နယ်တွင် မြစိမ်းကန် ပင်လယ်ရေကာတာ တာမိုင်(၀/၀ မှ ၉/၀ အတွင်း) အခိုင်အမာပြုပြင်ခြင်း၊ ကျုံဒါးကျွန်း အောက်ပိုင်းရှိ ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့် တော်ကမယ်ကျေးရွာ နတ်စင်ချောင်းတွင် နွေစပါးစိုက်ပျိုးရန်အတွက် ရေငန်ထိန်းရေတံခါးတည်ဆောက်ခြင်းအပါအဝင် လုပ်ငန်း(၈)ခု၊ ဘိုကလေးမြို့နယ်တွင် ထော်ပိုင်ကျွန်းပတ်တာ တည်ဆောက်ခြင်း(အပိုင်း-၃)၊ ဒေါင့်ကြီးကျွန်း ပတ်တာရှိ ကဿပေါင်းရေတံခါး၊ မြစ်ကျိုး ရေတံခါး၊ သဲချောင်းရေတံခါးများအား ရေတံခါးရွက် ပြုပြင်ခြင်းနှင့် ဖိုးလေးကျေးရွာအုပ်စုရှိ ကရင်စုချောင်းမကြီး တူးဖော်ခြင်း လုပ်ငန်းအပါအဝင် လုပ်ငန်း(၉)ခုနှင့် ကျိုက်လတ်မြို့နယ်တွင် သုံးခွကျွန်းပတ်တာရှိ လေလံပင်လှေဝင် - လှေထွက် ရေတံခါး ပြုပြင်ခြင်း လုပ်ငန်း၊ ကျိုက်လတ်-မအူပင်ကားလမ်းဘေး(ဝဲဘက်)မြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် သုံးခွကျွန်းပတ်တာအတွင်းရှိ တာတွင်း မြောင်းများတူးဖော်ခြင်း လုပ်ငန်း အပါအဝင် လုပ်ငန်း(၆)ခု ဖျာပုံခရိုင်းအတွင်း လုပ်ငန်းစုစုပေါင်း(၄၇)ခု ဆောင်ရွက်သွားမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ကွင်းဆင်းခရီးစဉ်အတွင်း ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်း၊ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် အပါအဝင် တာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)