ပန်းတောင်း မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ တောင်သူများသည် ကုလားပဲ၊ မြေပဲ၊ မတ်ပဲတို့နှင့်အတူ ဆောင်းနေကြာကိုလည်း သီးညှပ်စိုက်ပျိုးကြသည့်အပြင် သီးသန့်လည်းစိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်း ဆောင်းနေကြာ (၈၉၉)ဧက စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ၃ လအကြာတွင် ရိတ်သိမ်းရကြောင်း၊ သီးညှပ်စိုက်ပျိုးရာတွင်ကြဲပက်၍လည်းကောင်း၊ အတန်းစိုက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာမျိုးကို ယခင်နှစ် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်စိုက်ခင်းမှ ထွက်ရှိသော နေကြာမျိုးစေ့များကို သိုလှောင်၍ ပြန်လည်စိုက်ပျိုးကြသကဲ့သို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏အစီအစဥ်ဖြင့် ဖြန့်ဝေပေးခြင်းမှရရှိ၍လည်းစိုက်ပျိုးကြပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ စိုက်ခ၊ မြေပြင်ခ၊ လုပ်သားခနှင့်အခြားသွင်းအားစုစရိတ်အပါအဝင် တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၆၅၀,၀၀၀) ခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် ဆီထွက်သီးနှံဖြစ်သော နေကြာသီးနှံစိုက်ခင်းများသည် ပန်းတောင်းမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)