နတ်မောက် မတ် ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ နတ်မောက်မြို့နယ်အတွင်း နွေရာသီကာလအပူရှိန်မြင့်မားလာမှုကြောင့် ပြည်သူများအပူဒဏ်ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များမှကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အပူရှောင်စခန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများစိတ်အေးချမ်းသာစွာနားခိုနိုင်ရန် ဘုန်းတော်ကြီးကျောင်းအတွင်း အမိုးအကာရှိပြီး လေဝင်လေထွက်ကောင်းမွန်သောနေရာပြင်ဆင်ထားခြင်း၊ အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေရန် သောက်ရေသန့်နှင့်ဓာတ်ဆားရည်များကို လုံလောက်စွာစီစဥ်ထားခြင်း၊ အပူဒဏ်ကြောင့်မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်ပါကကူညီဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဆေးခန်းဖွင့်လှစ်ထားခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက်လိုက်နာရမည့် လက်ကမ်းစာစောင်များကို အပူရှောင်စခန်းရှိ အဘိုး/အဘွားများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက လိုက်လံဖြန့်ဝေခဲ့ကြသည်။ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အခုလိုအပူရှိန်အရမ်းပြင်းတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက် အပူဒဏ်ကအရမ်းစိုးရိမ်ရပါတယ်၊ ဒါကြောင့်ပြည်သူတွေအပူရှိန်ပြင်းတဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ ဒီစခန်းမှာလာရောက်နားခိုနိုင်ဖို့ စီစဥ်ပေးရတာဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။ နတ်မောက်မြို့နယ်တွင် အပူရှောင်စခန်းကို အပူရှိန်အမြင့်ဆုံးအချိန်ဖြစ်သည့် နေ့လယ်(၁၂)နာရီမှ ညနေ( ၄)နာရီအထိ နေ့စဥ်ဖွင့်လှစ်ထားကြောင်း သိရသည်။
လှဝင်း