သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီဆွဲပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က ပန်းချီဆွဲပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Book Club အဖွဲ့ဝင် ဦးရဲအောင်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများပြောကြားခဲ့ပြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်းနှင့်ပြည့်စုံပြီး ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ ပန်းချီဆွဲခြင်းအား စိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/​ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင်ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ social media ၏ ကောင်းကျိုး၊ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှူလေ့လာရန်၊ လူငယ်များသိသင့်သိထိုက်သောအကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် မူလတန်းဆင့် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူ(၁၅)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၍ အကောင်းဆုံးရေးဆွဲနိုင်သူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာ​ပေးနံရံကပ်စာစောင်များနှင့်  ရုပ်ပြစာအုပ်စာစောင်များကို ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)