ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော

ပွင့်ဖြူ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို မတ် ၁၆ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာများ အကြောင်းကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကလေးအလုပ်သမားပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက အသိပညာတိုးပွားစေရေး လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)